တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရေဘေးဒဏ်ခံစားရသောဒေသများရှိ ပြည်သူများအား လှူဒါန်းသောအလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် စက်တင်ဘာ  ၂၅

တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေဘေးဒဏ်ခံစားရသောဒေသများရှိ ပြည်သူများအား လှူဒါန်းသော အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများမှ လှူဒါန်းငွေ ၁၈၄. ၉၆ သိန်း၊ ထားဝယ်ခရိုင်လုပ်ငန်းရှင်များနှင့်စေတနာရှင် အလှူရှင်များမှလှူဒါန်းငွေ ၁၁၃၂.၅ သိန်း၊ မြိတ်ခရိုင်လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များမှ လှူဒါန်းငွေ ၂၅၇၂ သိန်း၊ ကော့သောင်းခရိုင် လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များမှ လှူဒါန်းငွေ ၃၅၄.၅ သိန်း၊ ဘုတ်ပြင်းခရိုင် ဌာနဆိုင်ရာများမှ လှူဒါန်းငွေ ၇၅.၅ သိန်း၊ စုစုပေါင်း ၄၈၁၉.၄၆ သိန်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှလှူဒါန်းငွေ ၅ သိန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ လှူဒါန်းငွေ ၅ သိန်း ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံအနှံ့အပြားတွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရန်၊ လိုအပ်သောနေရာများတွင် အထောက်အကူပြုနိုင်စေရန်၊ ဆိုးရွားသောအခြေအနေများမှ ပုံမှန်အနေအထားပြန်လည်ရောက်ရှိရန်အတွက် လိုအပ်သည်များကို တိုင်းဒေသကြီးအနေဖြင့် တစ်ထောင့်တစ်နေရာကနေ လှူဒါန်းပြီးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက မဖြစ်ပွားခင် ကြိုတင်ပြီး ဆောင်ရွက်ရသည်များရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများစွာလုပ်ဆောင်နိုင်မှ ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးကြောင်း၊  မကြာခင်က ရခိုင်တွင်ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းသည် ကြိုတင်ပြီးစီစဉ်ဆောင်ရွက်နိုင်ခဲ့သောကြောင့် ဒေသခံပြည်သူများအား ရွှေ့ပြောင်းမှုများ၊ အစားအသောက်နှင့်နေရာထိုင်ခင်းစီစဉ်ဆောင်ရွက်မှုများ၊ လုံခြုံသောနေရာသို့ ပို့ဆောင်မှုများ၊ကယ်ဆယ်ရေးအဖွဲ့ပြင်ဆင်ထားမှုများ စသဖြင့်လုပ်ဆောင်နိုင်သည့်အတွက် တကယ်ဖြစ်ပွားလာသည့်အချိန်တွင် အကျိုးသက်ရောက်မှုများရှိကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ခံစားနေရသောပြည်သူများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ နေရာထိုင်ခင်း စသဖြင့် များစွာအခက်အခဲရှိပြီး ဒုက္ခရောက်ခဲ့ရကြောင်း၊ ယနေ့အခမ်းအနားသည် ဘေးအန္တရာယ်ဒဏ်ခံစားနေရသူအတွက်ကို တစ်ထောင့်တစ်နေရာကနေပြီး လူသားချင်းစာနာထောက်ထားမှုများ၊ နိုင်ငံသားများဒုက္ခရောက်နေမှုများကို ဝိုင်းဝန်းပြီးကူညီဆောင်ရွက်မှုများ၊ စေတနာအကြင်နာထားပြီး မေတ္တာဖြင့်ပေးကမ်းမှုများသည် ခွန်အားတစ်ခုဖြစ်ကာ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရေဘေးဒဏ်ခံစားရသော ဒေသများရှိ ပြည်သူများအား လာရောက်လှူဒါန်းပေးသည့်အတွက် ဒုက္ခရောက်သူများအား စာနာပေးမှုများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကတစ်ဦးချင်း လှူဒါန်းသူများကို ရေဘေးဒဏ်ခံစားနေရသူများကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်