ကျိုက်လတ် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့နေ့လယ်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသည့် “လူငယ်တွေကို လမ်းဖွင့်ပေးပါ” (စိတ်ခွန်အားဖြည့် စာစုများ) စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှော ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးအေးမြင့်က “ကိုယ့်ရဲ့ပင်ကိုစွမ်းရည်က ဘာလဲ” ခေါင်းစဉ်၊ Book Club အဖွဲ့ဝင် ဒေါ်လှလှမြင့်က “သမ္မာအာဇီဝ အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ခေါင်းစဉ်နှင့် Book Club အဖွဲ့ဝင် ဒေါ်ဝင်းဝင်းမြင့်က “လူမှုဆက်ဆံရေးအဆင်ပြေစေဖို့” ခေါင်းစဉ်တို့ကိုဆွေးနွေးခဲ့ရာ တက်ရောက် လာကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)