ဟိုင်းကြီးကျွန်း စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ လူနေမှုဘဝမြင့်မားပြီး ဒေသပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ပြင်ခရိုင်၊ အုတ်တွင်း၊ ဒီးဒူးကုန်း၊ ဝါးကုန်း၊ ချောင်းဝ ကျေးရွာအုပ်စု(၅) စုတို့တွင် လမ်းဘေး ဝဲ/ယာ များ၊ တာဘောင်များပေါ်၌ ပိုက်ဆံလျှော် စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ဒေသခံများနှင့်အတူ ဝင်ရောက်ကြဲပက်စိုက်ပျိုးပေးခဲ့သည်။
ထို့နောက် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ကျောက်ကလပ်တိုက်နယ်ဆေးရုံသို့သွားရောက်ပြီး အသစ်ပြောင်းရွှေ့ရောက်ရှိလာသော တိုက်နယ်ဆရာဝန်အား တွေ့ဆုံအားပေးစကားပြောကြား၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာအခြေအနေများ၊ ကုသပေးနေမှုအခြေအနေများနှင့်ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအခြေအနေများ၊ ပျက်စီးနေသည့် ကျေးရွာချင်းဆက်လမ်းများ ပြင်ဆင်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရိုးပြတ်ကျန်ဖော်ထုတ်စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)