ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ စခန်းသွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

ဘားအံ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုနှင့် အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ဘော်လီဘောအားကစားနည်း ပဏာမရွေးချယ်စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ စခန်းသွင်းလေ့ကျင့်နေစဉ်အတွင်း အဆိုပါအားကစားကွင်း၌ အားကစားသမားများ တည်းခိုနေထိုင်နိုင်ရေး တည်းခိုဆောင်၊ စားရိပ်သာ၊ ခန်းမများပြည့်စုံ လုံလောက်မှုရှိ/မရှိ၊ လက်ဝှေ့အားကစားခန်းမ၌ ဝူရှူး၊ ဗိုဗီနမ်၊ လက်ဝှေ့အားကစားနည်းများ စခန်းသွင်းလေ့ကျင့်နိုင်ရေးနှင့် ပိုက်ကျော်ခြင်းအားကစားခန်းမတို့အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွဲကပင်အားကစားရုံအဆောက်အဦ (၂၀၀ပေx ၁၃၀ပေ) တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားများ စခန်းသွင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်နေမှုနှင်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ Cyclone Center ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အနုသုခုမဝါသနာရှင်၊ ပညာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လေ့ကျင့် နေမှုများအား ကြည့်ရှုအားပေးကာ အဆိုအဖွဲ့အတွက် ငွေကျပ်(၅)သိန်းနှင့် အကအဖွဲ့အတွက် ငွေကျပ်(၅)သိန်းတို့ကို ချီးမြှင့် ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ရေကူးကန်၌ ပဏာမရွေးချယ်စခန်းသွင်းလေ့ကျင့်လျက်ရှိသော ရေကူးအားကစားသမားများ၏ လေ့ကျင့်နေမှု၊ တင်းနစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ယှဉ်ပြိုင်သည့်အားကစားနည်းအလိုက် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနှင့်အညီယှဉ်ပြိုင်နိုင်ရေး၊ အားကစားသမားများ လေ့ကျင့်မှုပြည့်ဝစေရေး အာဟာရပြည့်စုံစွာ စားသောက်မှုရှိစေရေး၊ လုံလောက်သောအနားယူမှုရှိစေရေး၊ အနီးကပ်ကြီးကြပ်လေ့ကျင့်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)