ပေါင်းတည်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ

ပေါင်းတည် စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းအောင်မြင်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်မိုးလုံလေလုံအားကစားရုံတွင် စက်တင်ဘာ (၁၇) ရက်နေ့မှစတင်၍ စာရင်းစစ်၊ စာရင်းကောက်သင်တန်းစတင်ဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းအား စက်တင်ဘာ (၂၈) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်​ကြောင်းသိရသည်။

သင်တန်းသို့ စာရင်းစစ်၊ စာရင်းကောက်ယူကြမည့် ပညာရေးဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၁၃၃) ဦး တက်ရောက်လျက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်ယူရာတွင်အသုံးပြုရန် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းသုံးသင်ထောက်ကူများထုတ်ပေးထားကြောင်း၊ သင်တန်းပြီးဆုံးပါက မြို့နယ်အတွင်း ကောက်ကွက်များခွဲဝေတာဝန်ယူကာ အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကွင်းဆင်းစာရင်းကောက်ယူသွားကြမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း၏ရည်ရွယ်ချက်မှာ နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှုကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိစေရေးအတွက်ဖြစ်ကြောင်းသိရသည်။

ထိုရရှိသောအချက်အလက်များအပေါ်မူတည်၍ ပြည်သူများအတွက်လိုအပ်သော စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရမည့်ပမာဏ၊ အလုပ်အကိုင်ဖန်တီးပေးရမည့်အခြေအနေ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများစောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များစောင့်ရှောက်ရေးနှင့် အခြေခံအဆောက်အအုံများဖြစ်သည့် အိမ်ရာ၊ လမ်း၊ တံတားများစသည့် ပြည်သူများအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေး၊ တည်ဆောက်ပေးနိုင်ရေးတို့အတွက်ဖြစ်ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)