ကော့ကရိတ်မြို့၌ သန်းခေါင်စာရင်းကို  မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက လက်တွေ့ကွင်းဆင်းကောက်ယူ

ကော့ကရိတ် စက်တင်ဘာ ၂၅

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ကော့ကရိတ်မြို့ ဒေါနခန်းမ၌ စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများကို မှန်ကန်စွာစာရင်းကောက်ယူနိုင်ရေး၊ အီလက်ထရောနစ်နည်းပညာဖြင့် ကောက်ယူနိုင်ရေးကို သင်တန်းနည်းပြများက သင်တန်းကာလ ၁၀ ရက်အတွင်း စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချပေးလျက်ရှိရာ ယမန်နေ့ ၉ ရက်မြောက်နေ့တွင် လက်တွေ့သင်ခန်းစာအဖြစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို အမှတ် ၅ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့ပြီး သင်တန်းခန်းမတွင် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ခဲ့ကြသည်။

အဆိုပါ လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူရာသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)