လှိုင်းဘွဲမြို့နယ်၌ Google Map မြေပုံဖြင့် စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်စာရင်း ကောက်ယူနိုင်ရန်အတွက် သင်ခန်းစာပို့ချပေး

လှိုင်းဘွဲ  စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း‌ကောက်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ Google Map မြေပုံရှိ စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင် စာရင်းကောက်ယူနိုင်ရန်အတွက် သင်ခန်းစာပို့ချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၌ သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်ခန်းစာများ ပို့ချရာတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကောင်မတီမှ ဒုတိယလဝကမှူး ဦးခွန်ဇင်နိုင်ထွန်းက Google Map မြေပုံ၏ အသုံးပြုပုံအကြောင်း၊ တည်နေရာသတ်မှတ်ခြင်း၊  အိမ်ထောင်စုစာရင်းများအား ကောက်ကွက်မြေပုံတွင် စာရင်း၊အချက်အလက်များ စနစ်တကျ တိကျစွာထည့်သွင်းပေးခြင်း၊ သိမ်းဆည်းခြင်းနှင့် စာရင်းများအား ပြန်လည်ဆန်းစစ်ခြင်း သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ(၁၇)ရက်နေ့မှစတင်ကာ စက်တင်ဘာလ (၂၈) ရက်နေ့အထိ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများ၊ လုပ်ငန်း စဉ်များ၊ စာရင်းစစ်၊ စာရင်းကောက်အခန်းကဏ္ဍများ၊ ဥပဒေပြဌာန်းချက်များ၊ လူဦးရေဆိုင်ရာအချက်အလက်များစသည့် သန်းခေါင် စာရင်း ကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၅၁၇)ကွက်၊ စာရင်းကောက်အဖွဲ့(၃၇)ဖွဲ့၊ စာရင်းစစ်ဆေးရေးအဖွဲ့(၄၂)ဦး၊ စာရင်းကောက်(၁၅၈)ဦးဖြင့်ဖွဲ့စည်းထားပြီး၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာသင်ကျောင်းများမှ ဆရာ(၆၃)ဦး၊ ဆရာမ(၁၃၇)ဦး၊  စုစုပေါင်း(၂၀၀)ဦးတို့က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)