ဇလွန် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ရိုးကြီးတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ကျောင်းစျေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးရန်မသင့်သော အစားအစာများကို စားသုံးခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို အသီးသီး အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝေယံ(ပြန်/ဆက်)