ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယခုလ ၁၇ ရက်နေ့မှစ၍ ယနေ့အထိ အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဥ်၊ စာရင်းစစ်စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက်မေးခွန်းများ စသည့်ဘာသာရပ်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်၍ တာဝန်ရှိသူများနှင့် နည်းပြဆရာ၊ ဆရာမ(၇)ဦးတို့က သင်တန်းသား၊ သင်တန်းသူများအား စာတွေ့သင်ကြားခြင်းနှင့် ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၅)ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)