သရက်မြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

သရက် စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ရာ မူလတန်းကျောင်း (၁၈) ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကျောင်းသားလူငယ်များ ယခုလို ငယ်စဉ်ပညာရှာချိန်မှစ၍ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး Book Club အဖွဲ့ဝင် မောင်မင်းသိမ်း(သရက်) က အမှတ်ပေးစည်းမျဉ်းများ ပြောကြားပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက မိမိကျသည့် ပုံပြင်ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲအား ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ဆုပေးပွဲကျင်းပရာ အနမ အ.မ.က ကျောင်းမှ မေသွန်းစုက ပထမ၊ ထုံးတောင် အ.မ.ကမှ မမြတ်နိုး‌အောင်က ဒုတိယ၊ မုဉ္ဇလီအ.မ.ကမှ မနွယ်နီထွန်းက တတိယ၊ ရွှေဘုံသာအမကမှ မောင်မြတ်သူက နှစ်သိမ့်ဆု (၁) နှင့် စမ်းအိုင့် အ.မ.ကမှ မအိသဇင်ဖွေးက နှစ်သိမ်းဆု (၂) ရရှိခဲ့ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး ခရိုင်ပညာရေးမှူးက ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၈) ဦးအား ဗလာစာအုပ် (၁) ဒါဇင်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)