စလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

စလင်း စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ စလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးအေးလင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့်  အကြောင်းအရာများမှ ကလေးများအရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန်၊ ခိုင်းစေခြင်းမပြုကြရန်နှင့် ငွေကြေးများပေး၍ ဖြားရောင်းသွေးဆောင်ကာ  ခိုင်းစေခြင်းများမှ  လွတ်ကင်းစေရန် မိဘများမှ သတိထားရမည့်အချက်များ၊ ကလေးသူငယ်  အသက်အရွယ်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်များ ကလေးသူငယ်တစ်ဦး အလုပ်လုပ်နိုင်သည့် အသက်အရွယ်တွင် သာမန်ပုံစံဖြင့် အလုပ်ကိုခိုင်းစေခြင်း အသက်အရွယ်အလိုက် သတ်မှတ်အလုပ်ချိန်များ ဥပဒေများနှင့် အရေးယူနိုင်သည့် ပုဒ်မများစသည်ဖြင့် အကျယ်တဝင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍  အသိပညာပေး ဟောပြောခဲ့ပြီး၊ ကျောင်းသင်ခန်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေမည့်  စာအုပ်စာပေများ  လေ့လာဖတ်ရှုခြင်း၏  အကျိုးကျေးဇူးများကို  ရှင်းလင်းပြောကြား၍  ကျောင်းသင်ခန်းစာများကို  ကြိုးစားသင်ယူကျက်မှတ်ကြရန်  ပြောကြားခဲ့သည်။

ထို့နောက် ပြသထားသည့် ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် စာကြည့်တိုက်သို့ တက်ရောက်လာကြသည့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ  (Grade-5) ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့်  ဆရာ၊ ဆရာမများက ခင်းကျင်းပြသထားသည့်  သုတ၊ ရသ၊ စာအုပ်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

(မောင်လွင်)စလင်း