ဟင်္သာတမြို့နယ်ရှိ တရုတ်-မြန်မာချစ်ကြည်ရေး အ.ထ.က(ခွဲ)-ငမဲအိုင် စာသင်ကျောင်းအား သင်ထောက်ကူပစ္စည်းများလှူဒါန်း

ဟင်္သာတ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ လိပ်ခုံးအုပ်စု၊ ငမဲအိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ငမဲအိုင်)ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက သင်ထောက်ကူပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယဥ်ကျေးမှုဌာန အတိုင်ပင်ခံ Mr. Li Qian Guo မှ သင်ထောက်ကူပစ္စည်းများလှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက်၊ တိုင်းပညာရေးမှူး ဦးတိုးဝင်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တရုတ်-မြန်မာ ချစ်ကြည်ရေးသက်သေအဖြစ် သင်ထောက်ကူပစ္စည်းများဖြစ်သော စာသင်ခုံနှင့် ထိုင်ခုံ (၁၀၀)စုံ၊ ဗလာစာအုပ် (၄၀၀)ဒါဇင်၊ ဘောပင်(၂၀၀)ဒါဇင်နှင့် ခဲတံ(၂၀၀)ဒါဇင် စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ်သိန်း(၂၀၀) ကျော်ခန့်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Li Qian Guo မှ ပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဆရာကြီးဦးတိုးဝင်းက လက်ခံရယူခဲ့သည်။

ဆက်လက်၍ အခြေခံအထက်တန်းကျောင်း(ခွဲ)(ငမဲအိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငမဲကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တရုတ်သံမှူး Mr. Li Qian Guo၊ တတိယ အတွင်းဝန် Ms. Lin Shiting၊ တရုတ်နိုင်ငံသား Mr. XIE JIAJUN နှင့် တရုတ်နိုင်ငံသူ Ms.YAN TIAN JIA ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်း၊ ဟင်္သာတမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးသန်းမင်းနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ အခြေခံအထက်တန်းကျောင်း(ခွဲ)(ငမဲအိုင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ခိုင်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်းအင်အား( ၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)