အိမ်မဲမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

အိမ်မဲ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေညီလာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့်အတူ မောင်သုတပိုင်က “လူငယ်နှင့်စာဖတ်ခြင်းဝါသနာ”၊ မောင်ဟိန်းညီညီစိုးက“ယဥ်ကျေးမှုအစစ်လူ့အနှစ်”၊ မသီရိဖုန်းမော်က “လူငယ်နှင့်ပျော်ရွင်မှု”၊ မသဇင်သက်မော်ထွန်းက “လူငယ်နှင့်ကိုယ်ကျင့် တရား”ခေါင်းစဥ်များဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားရာတွင် “ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်တဲ့အတွက် ကျောင်းသား ကျောင်းသူများ အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခြင်းသည် လွန်စွာအကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ ကျောင်းသား/သူများ စာပေကိုမွေ့လျော်လာစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများဖြစ်ပေါ်လာစေရန် စာပေနှင့်ထိတွေ့ပြီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာအကျိုးရှိပါကြောင်း၊ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကျင်းပပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေဟာ ယခင်ကထက် ပိုမိုပြီးစာဖတ်အားများကောင်းလာမည်ဟု မျှော်လင့်မိပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှရရှိသည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွှတ်ခြင်း၊ တွေ့ဆုံပျော်ရွှင်ခြင်း၊ စာပေများကိုဖတ်ရှုပြီး အပြိုင်အဆိုင်ယှဉ်ပြိုင်နိုင်ခြင်းစသည့် အလေ့အကျင့်ကောင်းတွေကိုရရှိလာမှာဖြစ်ပါကြောင်း”ထည့်သွင်းပြောကြားခဲ့ပြီး အ.ထ.က(၂)အိမ်မဲ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။

ထို့နောက်ဆုချီးမြှင်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မာလာဝင်း၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်၊ မြို့မိမြို့ဖများက စာပေပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ဆုရရှိကြသူများအားအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(မြို့နယ်)