ပွင့်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကိုတွေ့ဆုံကာ (RBF)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏အကျိုးကျေးဇူးများနှင့် စီမံကိန်းလုပ်ငန်းအကြောင်းအရာများ၊ ချေးငွေအတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များထံ ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းအဖွဲ့ (၄)ဖွဲ့အတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေကျပ် သန်း ၃၀ ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာစီမံကိန်းကော်မတီဝင်များက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆိတ်မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးတင်ပြကာ စီမံကိန်းလုပ်ငန်းအဖွဲ့(၄)ဖွဲ့အား ရန်ပုံငွေကျပ် သန်း ၃၀ ကို စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )