ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုအားပေး

ဘားအံ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ အင်ကြင်းဆောင်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဘားအံမြို့နယ် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet ၊ Power Bank ၊ မေးခွန်းပုံစံများ၊ စာရင်းထိန်းပုံစံများ၊ အစီရင်ခံစာပုံစံများ၊ လမ်းညွှန်စာစောင်များကို ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆိုပါအထောက် အကူပြုပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ် အင်ကြင်းဆောင်ရှိ စာသင်ခန်းများတွင် ဘားအံမြို့နယ်၊ စာရင်းစစ်၊ စာရင်းကောက်များအား နည်းပြများက သန်းခေါင်စာရင်းဆိုင်ရာသင်ခန်းစာများ ဆွေးနွေးပို့ချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သင်တန်းမှပို့ချချက်များကို မိမိတို့၏အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်းမေးခွန်းအချက်အလက်များကို စနစ်တကျမေးမြန်းကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် အားပေးစကားများ ပြောကြားခဲ့ကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ လာရောက်ထုတ်ယူနေကြသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာ ငွေကျပ် ၆၉၅၀ ကျပ်နှုန်းဖြင့် လွင်မောင်မောင်ကုမ္ပဏီလိမိတက်မှ တစ်ရက်လျှင် ၁၂၃၀ ဦးခန့်အား ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)