လွိုင်ကော် စက်တင်ဘာ ၂၄
ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ပြည်သူများရေဘေးသင့်ခဲ့၍ ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မင်းကျောင်းပရိယတ္တိ စာသင်တိုက်တွင် သီတင်းသုံးတော်မူသည့် ဝိမုတ္တိသုခရိပ်သာ ကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တကေသရာဘိဝံသနှင့် မင်းကျောင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညောဘာသတို့ထံ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားခြင်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းဝန်းအတွင်း ရေဝင်ရောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ဝန်ကြီးချုပ်က “သံဃာတော်များအတွက် ဆွမ်းနှင့်ဆွမ်းဟင်းများ ချက်ပြုတ်ရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်သည့် ထင်း ၊ မီးသွေး ၊ မီးဖိုများအပြင် ရေသန့် ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်များအား နေ့စဉ်လှူဒါန်းသွားရန်နှင့် ရေများပြန်လည်ကျဆင်းပါက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးရန်” တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ မင်းကျောင်းကန်သာ တစ်လျှောက်၊ မင်းစုနှင့် နမ့်ကွတ်ရပ်ကွက်များအတွင်းရှိ နေအိမ်များ၌ ရေကြီးရေလျှံမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး နမ့်ကွတ်ရပ်ကွက်ရှိ မြို့နယ်တွဲဖက်အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ကျောင်း ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမနထံ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့် ဆွမ်းဆန်တော် ၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်က “ကျောင်းအတွင်း သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးရန်၊ ပြုပြင်ရန်လိုအပ်သည့် သာသနိကအဆောက်အဦများ စာရင်းပြုစုရန်နှင့် ရေများပြန်လည် ကျဆင်းပါက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးရန်” တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)