သဲကုန်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နေ့လယ်(၁)နာရီက ရုံးလမ်းနှင့်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြသည်။
မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစောငြိမ်းသောင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များရရှိစေရန်အတွက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေးပိုစတာနှင့် စတေကာကပ်ခြင်း၊ လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာပြည်သူများ၊ ခရီးသွားလုပ်သားပြည်သူများ၊ မော်တော်ယဉ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အချက်အလက်များမှန်ကန်ပြည့်စုံစေရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ကော်မတီများဖွဲ့စည်း၍ သင်တန်းများပို့ချပေးလျက်ရှိကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ (၁၅)ရက်ကြာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)