ကလေးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ် (၅) အ.လ.က ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကလေး စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ် (၅) အ.လ.က ကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၁၂၀) ကျော် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများမှ အသိပညာ ဗဟုသုတများရရှိစေရန် ပြသထားသည့် စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)