လက်ပံတန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စာရင်းစစ်စာရင်းကောက်သင်တန်းသားများ လက်တွေ့ကွင်းဆင်း

လက်ပံတန်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းကို GTI ကျောင်း၌ ဖွင့်လှစ်လျက်ရှိရာ သင်တန်းသားများအနေဖြင့် မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ကွမ်းခြံအုပ်စု၊ ​ကျေးနီကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းတွင် ခရိုင်အဆင့် နည်းပြ ၁၂ ဦးမှ စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၉၀ ဦးတက်ရောက်ကြပြီး အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ဖွင့်လှစ်သော မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေရွာပေါင်း ၃၁၀ ၌ ကောက်ကွက် ပေါင်း ၅၃၆ ရှိပြီး စာရင်းစစ်၊ စာရင်းကောက် ၂၀၂ ဦးဖြင့် မြို့နယ် အဆင့်/ရပ်ကျေးအဆင့် ကြီးကြပ်မှု ကော်မတီများဖွဲ့စည်းပြီး လုံခြုံရေး၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ ပြင်ဆင်ထားရှိ၍ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်း ကော်မတီမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)