ရွှေဘို စက်တင်ဘာ၂၄
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ လေဘေး/မီးဘေးသင့်အိမ်ထောင်စုများအား၊ အလတ်တလောသက်သာချောင်ချိစေရန်ရည်ရွယ်၍ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဒေါ်ချောစုက ထောက်ပံ့ပေးအပ်ရသည့်အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများပေးအပ်ရာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများကလက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင်၊ ခွန်တောင်းကြီးကျေးရွာ၊ ၂၀-၉-၂၀၂၄ ရက်နေ့မိုးရွာသွင်းပြီးလေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၂) ဦးအတွက်အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်းထောက်ပံ့ငွေကျပ် (၅၈၈၂၀၀ိ/)၊ ရွှေဘိုမြို့အမှတ် (၃) ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး နှင့်ဆန်ရိက္ခာဖိုးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၈၃၆၀၀ိ/) နှင့်ထောက်ပံ့ပစ္စည်း ၁၇ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)