ငရုတ်ကောင်းမြို့ (Community Centre) ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ငရုတ်ကောင်း စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမနှင့်ကလေးစာဖတ်ခန်းတို့၌ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ နှုတ်မှုစွမ်းရည်မြင့်မားစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦးကကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးအတွက် အားလပ်သည့်အချိန်များတွင် စာအုပ်စာ‌ပေများကို လေ့လာကြရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ပညာလိုအိုသည်မရှိဆိုသည့်အတိုင်း ပညာတတ်မြောက်မှသာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး‌ဒေါ်ကျော်မာလာလွင်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးထက်မြက် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ဖြတ်ထိုးဉာဏ် မြင့်မားလာစေပြီး၊ နှုတ်မှုစွမ်းရည်မြင့်မားလာမှာဖြစ်ကြောင်း‌ ပြောကြားခဲ့သည်။

ဆက်လက်ပြီးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ငရုတ်ကောင်းမြို့ (အ.ထ.က) Grade- 7 မှကျောင်းသူ (၃) ဦးတို့က ဆရာကြီးမင်းသုဝဏ် ရေးသားသော မောင်ခွေးဖို့ကဗျာပေါင်းချုပ်မှ ဖိုးမောင်လာပြီကဗျာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြ၍ ဆုရရှိသူများကို မြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြ‌ကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)