နတ်တလင်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပို့ချခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ အ.ထ.က(နတ်တလင်း)မနောဟဒယ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတင်ငွေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇော်အောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ရှင်းလင်းပြောကြားရာ နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိကြောင်း၊ မြန်မာနိုင်ငံ၌ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံ၊ လက်ရှိအသုံးပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်အား အသုံးပြုလျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် အခန်းကဏ္ဍများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးအောင်က ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲသည်။
အဆိုပါဟောပြောပွဲသို့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတင်ငွေ၊ အတွင်းရေးမှူး ရဲမှူးဌေးအောင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇောအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးမှူးဒေါ်မေလမင်းထွန်းနှင့်ဝန်ထမ်းများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးအောင်ကိုဝင်း၊ အ.ထ.က(နတ်တလင်း)ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်ကျော်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)