ကျွန်းလှ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကျွန်းလှ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ဟိန်း” ကိုယ်ပိုင်အထက်တန်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းသောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

လူငယ်စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည်များ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ပါဝင်ဆွေးနွေးကြသူများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)