ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဖွင့်လှစ်

ငဖဲ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေတောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူထားသော ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် ကျွဲ၊ နွားများ ကာကွယ်ကုသရေး အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါရုံးခန်းမတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးတင်မောင်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးက တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအနေဖြင့် သိရှိရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်း/ခရိုင်အဆင့် မေထုန်မဲ့သားစပ်နည်းသင်တန်းတွင် တက်ရောက်ခဲ့သည့် ငဖဲမြို့နယ် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများမှ ဆုရရှိခဲ့သည့် သင်တန်းသား (၆) ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါသင်တန်းသို့ ကျေးရွာများမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်း (၂) ဦးက ရောဂါကာကွယ်ထိန်းချုပ်ခြင်း အခြေခံများ၊ ကာကွယ်ဆေးနှင့်ကုသဆေးထိုးနည်းစနစ်များ၊ မေထုန်မဲ့သားစပ်နည်း၊ မွေးမြူနည်းစနစ်များ၊ အာဟာရညီညွတ်မျှတစွာပါဝင်သော အစားအစာများကို စနစ်တကျကျွေးမွေးနည်းနှင့် အဖြစ်များသော တိရစ္ဆာန်ရောဂါများအကြောင်းကို စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၃ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)