ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ပြည် စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅၀ ဦးခန့်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းဆေးရုံမှသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်ခရိုင်ပြည်သူ့‌ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်သော အရိုးအကြောအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅၀ ဦးကို သွေးပေါင်ချိန်ပေးခြင်း၊ ‌ဆီးချို သွေးချိုစစ်ဆေးပေးခြင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

ယင်းဆောင်ရွက်မှုကို ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးစိုးဦးဟန်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင် ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးဒေါက်တာသီတာစိုးနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်း​သော ဆေးပဒေသာပင်(၁၅)သိန်းကျပ်အား လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က ​ပေးအပ်လှူဒါန်းပြီးဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးစိုးဦးဟန်က ဆေးငွေပဒေသာပင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်သော ပြည်ခရိုင်ဆန်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည် ၃၀၀၀ ကျပ်နှုန်းနှင့်စားသုံးဆီ တစ်ပိဿာ ၈၀၀၀ ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများကို စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)