ကော့သောင်း စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကြီးအောင် မြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့်အားကစားဝါသနာ ရှင်များတက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ရွှေပြည်သာအသင်းနှင့် ရွှေဇင်ယော်အသင်းတို့မှ ဗိုလ်လုပွဲပြိုင်ပွဲအား အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွှေပြည်သူအသင်းမှ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ၍ ဗိုလ်စွဲခဲ့သည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဆုရပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူ၍ ဦးစွာဘောလုံးအားကစား ပွဲစဉ်တစ်လျှောက် ကျန်းမာရေးစောင့်ရှောက်မှုကူညီ ဆောင်ရွက်ပေးသည့် ကြက်ခြေနီအဖွဲ့၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်အမျိုးသမီးအဖွဲ့နှင့် လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးသော မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြု လက်ဆောင်ချီးမြှင့်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ဗိုလ်မှူးကြီးမြတ်မင်းထွေးက အသန့်ရှင်းဆုံးဆုရရှိသော ဆယ်မိုင်အသင်းအား ဂုဏ်ပြုဆုဖလား ချီးမြှင့်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လဝကမှူး ဦးကိုကိုနိုင်က ဒုတိယဆုရရှိသောရွှေဇင်ယော်အသင်းအား လည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားချီးမြှင့်ခဲ့ပြီး စစ်ဗျူဟာအဖွဲ့အခြေချ(ကောသောင်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်က အကောင်းဆုံးကစားသမားဆုများကိုဆက်လက်ချီးမြှင့်ခဲ့ရာ အကောင်းဆုံးဂိုးဖမ်းသမားဆုကို ရွှေပြည်သာအသင်းဂိုးသမား ကျောနံပါတ် (၂၈)သက်လူလင်းမှလည်းကောင်း၊ နောက်တန်း အကောင်းဆုံးဆုကို ရွှေဇင်ယော်အသင်းမှ ကျောနံပါတ်(၄၇) အောင်သန်းထွေးမှလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုကို ရွှေပြည်သာအသင်းမှ ကျောနံပါတ်(၂၀)ကျော်ရဲထွန်းမှလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆုကို ရွှေဇင်ယော်အသင်းမှကျောနံပါတ် (၁၀) မျိုးမင်းအောင်တို့ကရရှိခဲ့သည်။ ယင်းနောက် ပထမဆုရရှိသော ရွှေပြည်သာအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်ကလည်ဆွဲဆု၊ငွေသားဆုနှင့် တံခွန်စိုက်ဆု ဖလားများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)