ဘိုကလေးမြို့နယ်တွင် “၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး” စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချနေ

ဘိုကလေး စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းအောင်မြင်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် စက်တင်ဘာ (၁၇) ရက်နေ့မှစတင်၍ စာရင်းစစ်၊ စာရင်းကောက် သင်တန်းစတင်ဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းအား စက်တင်ဘာ (၂၈) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်သည်။

သင်တန်းသို့ စာရင်းစစ်၊ စာရင်းကောက်ယူကြမည့် ပညာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း (၃၀၈) ဦးတက်ရောက်ကြပြီး သင်တန်းသား/သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စာရင်းစစ်၊ စာရင်းကောက်ယူရာတွင် အသုံးပြုရန် Tabletနှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းသုံး သင်ထောက်ကူများ ထုတ်ပေးထားကြောင်း၊ သင်တန်းပြီးဆုံးပါက စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့် ဘိုကလေးမြို့နယ်အတွင်း ကောက်ကွက်များ ခွဲဝေတာဝန်ယူကာ အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကွင်းဆင်းစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှု ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်း‌ ဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိရန်ဖြစ်ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)