ပုလော စက်တင်ဘာ ၂၄
ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးပြည်ဟိန်းကျော်က မိဘဆရာ အသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများပညာရေးကို ပိုမိုစိတ်ဝင်စားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ခံယူချက်မြင့်မားပြီး၊ စိတ်ခွန်အားဖြစ်စေကာ ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်၊ ကျောင်း၏ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ကျောင်းသား၊ကျောင်းသူနှင့် မိဘများ၏ပါဝင်မှု ပိုမိုအားကောင်းလာစေရန်၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်များက ကျောင်း၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် အရေးပါ၍ တာဝန်ရှိကြောင်း သိမြင်ပြီး လုပ်ဆောင်နိုင်စေရန်၊ သင်ကြားသင်ယူမှု ပိုမိုအားကောင်းလာစေရန်နှင့် ထူးချွန်ထက်မြက်သော ဆရာ၊ဆရာမများဖြစ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများက ရိုသေလေးစားစွာဖြင့် အမိကျောင်းတော်ကြီးကို ချစ်မြတ်နိုးကာ မျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်များ ရင့်သန်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။
အဆိုပါ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပေးပွဲအခမ်းအနားတွင် ဘက်စုံထူးချွန် ဆရာ၊ဆရာမများနှင့် အခြေခံပညာ Grade-1 မှ Grade 12 အထိ ပညာရည် ချွန်ဆု (၁၅၀) ကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)