တောင်ငူ စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ပြီး မြစ်ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရေဘေးသင့်ခဲ့သည့် ရပ်ကွက်/ကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာသာသနာ၊ သာသနိကအဆောက်အဦများအား မြို့လုံးကျွတ်စုပေါင်းလုပ်အားပေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေနုတ်မြောင်းများ ပြိုကျပိတ်ဆို့ပြီး၊ ရေထွက်ပေါက်မရှိဖြစ်ပေါ်နေမှုများအား၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများအား စက်ယန္တရားများ အသုံးပြု၍ ပြန်လည်တူးဖော်ခြင်း၊ ရေစီးနှင့်အတူ မျောပါ ပိတ်ဆို့နေသည့် အမှိုက်သရိုက်များ၊ ဒိုက်များအား ပြန်လည်ဆယ်တင်ခြင်း၊ ပျက်စီးသွားသည့် အပျက်အစီးများအား ရှင်းလင်းဖယ်ရှားခြင်း၊ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်းတို့ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဦးဆောင်သည့် တပ်ရင်း၊ တပ်ဖွဲ့များ အသီးသီးမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် မူလအခြေအနေထက် သာလွန်ကောင်းမွန်သည့် အခြေအနေကောင်းတစ်ခု အမြန်ရရှိရေးအတွက် အချိန်တိုအတွင်းပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)