မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေး မြို့နယ်ကြက်ခြေနီအသင်းနှင့် တွေ့ဆုံဆွေးနွေး

ညောင်တုန်း စက်တင်ဘာ ၂၄

မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဂရုဏာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (MFRC myanmar)မှ ဌာနေကိုယ်စားလှယ်များသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရဲမာန်ဟုန်လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းရုံးသို့ ရောက်ရှိကာ မြို့နယ်ကြက်ခြေနီ အသင်းသား/သူများနှင့်တွေ့ဆုံ၍ မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ၊ စာသင်ကျောင်းများတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းများ ဖွင့်လှစ်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကူညီပံ့ပိုးမှု ရယူရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ညောင်တုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ (၄၁)လမ်းရှိ မြစ်ကမ်းပါး ပြိုကျခဲ့သည့်နေရာနှင့် အမှတ်(၃)ရပ်ကွက်၊ (၁၇)လမ်းရှိ မြစ်ကမ်းထိန်းတာများအား လှည့်လှည်ကြည့်ရှုခဲ့သည်။

ထို့နောက် ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စုရှိနတ်ပေး အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ရှေးဦးသူနာပြုစုနည်း သင်တန်းတက်ရောက်ပြီးသော ကျောင်းသား/သူ (၅၀)ဦးခန့်နှင့် တွေ့ဆုံ၍ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ သင်ခန်းစာများ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)