ပညာရေးဝန်ကြီးဌာနနှင့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၂၄

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စဉ်ဆက်ပညာရေး လုပ်ငန်းကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “နွေရာသီကျောင်းပိတ်ရက်မတိုင်မီတိုင်းဒေသကြီးအတွင်း ပထမ အကြိမ် pilot project အနေဖြင့်ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ်များ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းတွင်လည်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်း (၁၇၇၁)ဝိုင်းဖွင့်လှစ်၍ စာသင်သား ပြည်သူပေါင်း(၂၅၀၁၆)ဦးတို့အား အခြေခံစာတတ်မြောက်စေခဲ့ပါကြောင်းနှင့် ၎င်းတို့မှရရှိသည့် ရလဒ်များကိုအခြေခံ၍ စဉ်ဆက်ပညာရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းအောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် နည်းပြများကလည်း ထိထိရောက်ရောက် သင်ကြားပေးရန်လိုအပ်ပါကြောင်း၊ စဉ်ဆက်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် စာသင်သားပြည်သူများ စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် လူနေမှုဘဝမြင့်မားရေးတို့အတွက် ဘဝသာယာရေး အစီအစဉ်များပါဝင်သည့် အစီအစဉ်(၃)ရပ်ကို သင်ကြားပေးခြင်း၊ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်း အစီအစဉ်များအား သင်တန်း တက်ရောက်လာကြသည့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များမှတစ်ဆင့် ပညာရေး ဌာနအပါအဝင် ဆက်စပ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက စာသင်သား ပြည်သူများအတွက် နားလည်လက်ခံနိုင်အောင် လိုတိုရှင်းသင်ကြားပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို အဓိက ဆောင်ရွက်ပေးသွားရန်လိုပါကြောင်းနှင့် သင်တန်းမှပို့ချချက်များ၊ ဆွေးနွေးချက်များ၊ သင်ကြားပေးချက်များနှင့်အတူ စဉ်ဆက်ပညာရေးလုပ်ငန်း၏သဘောသဘာဝများကို သေချာစွာလေ့လာမှတ်သား၍ စာသင်သားများအား အရိုးရှင်းဆုံးနည်းလမ်းများဖြင့် သင်ကြားပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက်စဉ်ဆက်ပညာရေးလုပ်ငန်းဗဟိုကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ)က ကျောင်းပြင်ပ ပညာရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေး မြို့နယ်များတွင် ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် စာသင်သားပေါင်း (၄၉၆၁) ဦးကို ကနဦး စာရင်းကောက်ယူရရှိထားပြီး၊ စာသင်ဝိုင်းအနေဖြင့် (၄၇၉)ဝိုင်းအဖြစ် စုဖွဲ့၍ အဆိုပါစာသင်ဝိုင်းများတွင် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်ပေါင်း(၁၀၀၇)ဦးတို့က တစ်ရက် ပျမ်းမျှ (၃) နာရီနှုန်းဖြင့် ပျမ်းမျှနာရီပေါင်း (၂၇၀)၊ ရက်အားဖြင့် (၉၀) ကြာ စဉ်ဆက်ပညာရေး လုပ်ငန်း၏အစီအစဉ်(၃)ရပ်ကို စာသင်သားပြည်သူများအား သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်း အဝေးခန်းမ(၁)၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုကဲ့သို့ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံခြင်းသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် ဆောင်ရွက်ထားသည့် အစီအမံများနှင့် တိုးတက်မှုလုပ်ငန်းအခြေအနေများအား သိရှိလို၍ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဘာသာတွဲများ အလိုက် ဘာသာစုံဂုဏ်ထူး ပိုမိုရရှိပြီး ထူးချွန်စွာအောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်နှစ်စမှပင် တွန်းအားပေးကြပ်မတ်လျက်ရှိပါကြောင်းနှင့် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် မိမိတို့တိုင်းဒေသကြီး ပိုမိုအောင်ချက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လိုအပ်ချက်များကို အချိန်မီသိရှိဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ဘာသာရပ်သင်ဆရာ၊ ဆရာများအနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီ သင်ကြားပေးနိုင်ရေးကိုလည်း တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများက ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားခဲ့သည့် ခရိုင်၊ မြို့နယ်၊ ကျောင်းများကိုနမူနာယူရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေးအကြံပြု ကြစေလိုကြောင်း”အမှာစကားပြောကြားသည်။

ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာပေးပွဲအောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲဆောင်ရွက်မည့် ကိစ္စရပ်များအားလည်းကောင်း၊ ခရိုင်ပညာရေးမှူးများက တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အချိန်ပိုသင်ကြားပေးနေမှု အခြေအနေများ၊ မိဘဆရာပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ဆွေးနွေးပေးခဲ့မှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)