သဲကုန်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် သဲကုန်းမြို့နယ်ကန်တော်မင်္ဂလာရပ်ကွက် ကန်သာယာရေလယ်ကျွန်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက သဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားပြီး စက်ယန္တရားပစ္စည်းများအား ချို့ယွင်းမှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် အရေးပေါ်လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းသည် သဘာဝဘေးအန္တရာယ်များနှင့် အမှန်တကယ်ရင်ဆိုင်ကြုံတွေ့လာချိန်တွင် ဆောင်ရွက်ရမည့် ဆောင်ရန်/ဆောင်ရန် အချက်အလက်များကို လိုက်နာဆောင်ရွက်နိုင်စေရေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရေပြင်အသက်ကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကျော်မင်းထိုက် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဝင်များပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် ပြည်သူများအားရှာဖွေကယ်ဆယ်ခြင်း၊ စက်စွမ်းရည်ပြသခြင်း၊ Water Rescue Robot အသုံးပြု၍ ရေနစ်နေသူအား ကယ်ဆယ်ခြင်း၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)