ပန်းတောင်းမြို့အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”တွင် ပါဝင်ဆင်နွှဲသူများ၏ ရင်တွင်းစကားသံများ

ပန်းတောင်း စက်တင်ဘာ ၂၄

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ အ.ထ.က ကျောင်းတွင် ယမန်နေ့က ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိခဲ့ရပါသည်။

ဦးသိန်းဒန်(မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပညာရေးဦးစီးဌာန)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှာ ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ကျွန်တော်တို့ ပန်းတောင်းတစ်မြို့နယ်လုံးမှာရှိတဲ့ အထက်တန်းအဆင့်ကျောင်းသား/သူများကို ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်ကျောင်းသား/သူများကို စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်ကျောင်းသား/သူများကို ပုံပြောပြိုင်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်နိုင်ဖို့ ပညာရေးဌာနကျောင်းအုပ်ကြီးများနဲ့ ကြိုတင်ညှိနှိုင်းပြင်ဆင်လေ့ကျင့်ပေးခဲ့ပြီး အခမ်းအနားမတိုင်ခင်မှာ ပြိုင်ပွဲတွေကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတစ်မျိုးစီအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆု(၂)ဆု စုစုပေါင်း(၅)ဆုကိုရွေးချယ်ခဲ့ပြီးတော့ ဒီနေ့အခမ်းအနားမှာတော့ ဆုရရှိတဲ့ကလေးတွေရဲ့ ပြိုင်ပွဲဝင်ယှဥ်ပြိုင်မှုတွေကို ပြန်လည်သရုပ်ပြတင်ဆက်စေခဲ့ပြီး ဆုလက်ဆောင်တွေချီးမြှင့်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီးတော့ စာတွေဖတ်လာခဲ့အတွက် စာဖတ်ရခြင်းရဲ့အကျိုးကျေးဇူးတွေကို ခံစားသိရှိပြီး မျိုးဆက်သစ် အနာဂတ်ခေါင်းဆောင်လုပ်ကြမယ့်ကျောင်းသား/သူ လူငယ်တွေအနေနဲ့ ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကနေတစ်ဆင့် ဗဟုသုတတွေ၊ အသိပညာတွေ၊ အတွေးအခေါ်တွေ တဆင့်မြင့်တက်လာစေနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ အခုလိုပွဲတော်မျိုးကို အခြားမလုပ်ရသေးတဲ့မြို့နယ်တွေမှာလည်း ကျင်းပပေးခြင်းအားဖြင့်လည်း ကလေးတွေရဲ့ ကာယ၊ ဉာဏစွမ်းရည်တွေ မြင့်တက်လာစေမယ့် အကျိုးကျေးဇူးတွေရရှိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

ဒေါ်သင်းသင်းအေး(ဦးစီးအရာရှိ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)

ဒီနေ့ကျွန်မတို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်ကတော့ ကလေးများ အသိပညာဗဟုသုတတွေကြွယ်ဝပြီးတော့ စာဖတ်တဲ့အလေ့အထကောင်းများ တိုးပွားလာစေရန်ရည်ရွယ်ပြီးတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင့်။ ဒီနေ့ပွဲတော်မှာ ကလေးတွေ ကာယ၊ ဉာဏစွမ်းရည်တွေအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို မြင့်တက်လာစေမယ့် ဂိမ်းကစားနည်းတွေဖြစ်တဲ့ မြန်မာ့ရိုးရာဝိုင်းခြင်းအလှ၊ သုံးယောက်တွဲခုံဖိနပ်စီး၊ ဂုန်နီအိတ်စွပ်၊ အာလူးကောက်၊ အရုပ်ဆက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ ခါးလှည့်၊ မုန့်ကိုက်စတာတွေအပြင် ကဏ္ဍပေါင်းစုံ အသိပညာဗဟုသုတတွေရရှိစေမယ့် ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ကလေးစာဖတ်ခန်း၊ မြို့နယ်စာရေးဆရာအသင်းပြခန်း၊ ဌာနဆိုင်ရာများပြခန်း၊ ရွေ့လျားယာဥ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုပွဲတော်တွေ ဆောင်ရွက်ရခြင်းအားဖြင့် ကလေးတွေအနေနဲ့လည်း စာပေနဲ့ရင်းနှီးကျွမ်းဝင်လာပြီး​တော စာပေမှရရှိတဲ့အသိ၊ ပညာမှရရှိတဲ့အသိတွေနဲ့ နိုင်ငံတော်ကအားကိုးရတဲ့ လူတော်၊ လူကောင်းတွေ​​ဖြစ်လာမယ်လို့ယုံကြည်ပါတယ်ရှင့်။

မယွန်းဒါဒါကျော်(G-10) အ.ထ.က(ပန်းတောင်း)

သမီးကတော့ ဒီပွဲတော်မှာ ကျပန်းစကားပြောကိုယှဥ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့တာဖြစ်ပါတယ်ရှင့်။ အခုလို ပထမဆုရတဲ့အတွက်ရော စင်ပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေရှေ့မှာ ပြောခွင့်ရတဲ့အတွက် အရမ်းကိုဝမ်းသာပိတိဖြစ်ရပါတယ်ရှင့်။ ဒီလိုပွဲတော်တွေလုပ်ပေးအတွက် ကျောင်းသား၊ ကျောင်းသူတွေ ​ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့ပါဝင်ဆင်နွှဲနိုင်ပြီး ဆုတွေလည်းချီးမြင့်တဲ့အတွက် ပါဝင်ယှဥ်ပြိုင်ဖို့ကို စိတ်ဝင်စားလာကြပါတယ်။ သမီးအခုလို ပထမဆုရရှိအောင် စာအုပ်တွေအများကြီး လေ့လာဖတ်ရှုခဲ့ရပါတယ်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာလည်း စာအုပ်တွေအများကြီးရှိပြီး ပြိုင်ပွဲအတွက်လေ့လာမှတ်သားဖို့ ငှားရမ်းဖတ်ရှုရတဲ့အတွက် အရမ်းအထောက်အကူဖြစ်ပါတယ်။ အခုလို ယှဥ်ပြိုင်ဖြစ်ခဲ့တာကတော့ သမီးကိုယ်တိုင်စိတ်ပါဝင်စားပြီး အခြားပြိုင်ပွဲဝင်ကျောင်းသား/သူတွေဆီက အတုယူစရာတွေရရှိလို့ဖြစ်ပါတယ်။

မယွန်းလဲ့နဒီအောင် (G-5) အ.ထ.က (ဆင်တဲ)

သမီးကဒီနေ့ ပုံပြင်ပြောပြိုင်ခဲ့တာဖြစ်ပါတယ်။ သမီးက ပြိုင်ပွဲမှာပထမဆုရရှိခဲ့တာ ဖြစ်ပါတယ်ရှင့်။ အထူးသ​ဖြင့် သမီးဒီလိုဆုရရှိအောင် ပုံပြင်စာအုပ်တွေများများဖတ်ရတယ်။ စာစုတဲ့အ​လေ့အထကိုလုပ်ရတယ်။ ဖတ်ပြီးသားစာလေးတွေကိုလည်း ခေါင်းထဲမှာ မှတ်သားထားရတယ်။ ဒီလိုပွဲတော်တွေလုပ်ပေးတဲ့အတွက် အများအားဖြင့် စာပေအကြောင်းကိုပိုသိလာမယ်။ ဗဟုသုတတွေကြွယ်ဝလာမယ်။ ဦးနှောက်ဉာဏ်ရည်တွေဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါတယ်ရှင့်။ ဒီလိုပြိုင်ပွဲဖော်ဆောင်ပေးတဲ့ ဆရာ/ဆရာမတွေရော၊ ဖေဖေမေမေရဲ့ပံ့ပိုးမှုတွေရော၊ ဌာနဆိုင်ရာအကြီးအကဲတွေရော အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။

(ကိုဆက်-ပြည်)