မိုးညို စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ရေဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဝိုင်းကျေးရွာအုပ်စုရှိ နဒီဧရာဆိပ်ကမ်း မြစ်မခမြစ်အတွင်း လေ့ကျင်ပြုလုပ်ခဲ့သည်။
ရေဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ရဲအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျေးရွာနေပြည်သူများပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား လူ၊ ပစ္စည်းရွှေ့ပြောင်းခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများအသုံးပြု၍ ရေနစ်နေသည့်ပြည်သူအားကယ်ဆယ်ခြင်း၊ ဒဏ်ရာရလူနာများအား ရှေးဦးသူနာပြုစုခြင်းနှင့် ကျန်းမာရေးဌာနသို့ပို့ဆောင်ခြင်း၊ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ်အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းဟန်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)