ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့သော ကျောင်းသား ၊ ကျောင်းသူများအတွက် ဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့

လွိုင်ကော် စက်တင်ဘာ        ၂၄

ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့်ဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီဆောင်ရွက်လျက်ရှိပြီး အဆိုပါစခန်းများတွင် နေထိုင်နေသောကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှောင့်နှေးမှု မရှိစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က “ရေကြီးရေလျှံမှုကြောင့် ကျောင်းများယာယီပိတ်ထားသော်လည်း ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမပျက်စေရန်အခြားစာသင်ကျောင်းများနှင့် တွဲဖက်သင်ကြားနိုင်ရန် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေဘေးဒဏ်သင့်ခဲ့သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခက်အခဲများကို စိစစ်ပြီး တာဝန်ရှိသူများအနေဖြင့် အဆင်ပြေစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြကြရန်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း စသည်ဖြင့်မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက ရေဘေးသင့်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများအား ကျောင်းဝတ်စုံများ ထောက်ပံ့ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အ.လ.က(၂)တွင် ယာယီတွဲဖက်၍ စာသင်ကြားလျက်ရှိသော ရေဘေးရှောင် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သင်ကြားရေးတွင် အခက်အခဲများမဖြစ်စေရေး ဆရာ၊ ဆရာမ(၃၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၂၉၂)ဦးအတွက် စုစုပေါင်းကျပ်(၇၄၂၁၁၅၀)တန်ဖိုးရှိ ကျောင်းဝတ်စုံများနှင့် ဗလာစာအုပ်၊ ခဲတံများ၊ သင်ရိုးညွှန်းတန်း စာအုပ်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)