ချောင်းသာမြို့ အ.လ.က (ခွဲ) ခြောက်ကောင်၌ လူငယ်စကားဝိုင်းကျင်းပ

ချောင်းသာ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ချောင်းသာမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန .လ.က(ခွဲ) ခြောက်ကောင်) တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက .လ.က(ခွဲ) ခြောက်ကောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချောင်းသာမြို့ရုံးမှ ဦးစီးမှူး ဦးဝင်းကျော်ကျော်က မိမိတို့ဌာနအနေဖြင့် ကျောင်းသားလူငယ်လူရွယ်များ ကျောင်းစာတွင်သာမက ပြင်ပဗဟုသုတများရရှိစေရန်၊ အတွေးအခေါ်အမြော်အမြင်များ ရင့်သန်လာစေရန်နှင့် လူပုံအလယ်အလယ် ရဲဝံ့စွာဦးဆောင်ပြောဆိုတတ်စေရန်အတွက် ကလူငယ်စကားဝိုင်းများ ကျင်းပရခြင်းစသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အ.လ.က(ခွဲ) ခြောက်ကောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးသီတာဝင်းက ဦးဆောင်ဆွေးနွေးမည့်သူများ၏ ဆွေးနွေးမှုများကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာဂရုစိုက်နားထောင်ပြီး အပြန်အလှန်ဆွေးနွေးကြရန်နှင့် လူငယ်စကားဝိုင်း ကျင်းပပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးမှူးက Moderator အဖြစ်ဆောင်ရွက်ပြီး Grade-9 မှ မအေးသဇင်က “လူငယ်နှင့်စာကြည့်တိုက်”၊ Grade-7 မှ မောင်နေရဲရရင့်က “လူငယ်နှင့်နည်းပညာ”၊ Grade-9 မှ မောင်ရှိန်းမင်းဦးက “လူငယ်နှင့်စည်းကမ်း”၊ မောင်မင်းသက်ဦးက “လူငယ်နှင့်ရည်မှန်းချက်”၊ မောင်အောင်မြတ်သူက “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများအပေါ် ဦးစီးမှူးနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နှင့်ပတ်သက်သည့် အသိပညာဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်များ ပြသထားရှိမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတ/ရသ စာအုပ်စာစောင်များ ပြသထားရှိမှုတို့ကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ကျော် (ပြန်/​ဆက်)