သရက်ချောင်း စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးနှင့် မိုးနှောင်းကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများ မပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်မှုဖြင့် ဆရာဦးဇော်လွင် ဦးဆောင်၍ ဆရာ/ဆရာမများက ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများ အတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ် လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများက မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များ၌ ရေကန်ကြီးများ၊ ရေတိုင်ကီများ၊ ရေပုံးများ၊ ညောင်ရေအိုးများအတွင်းသို့ ပိုးလောက်လန်းသေဆေး (အဘိတ်ဆေး) များကို စုပေါင်း၍ လိုက်လံခတ်ပေးခဲ့ပြီး အဆိုပါ နေအိမ်များတွင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)