ကျိုက်လတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုက်လတ် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာဖြိုးမင်းဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရီရီမြင့်တို့က ကျိုက်လတ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်မိဘပြည်သူများအား ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ဆူနာမီအတွက် ကြိုတင်ပြင်ဆင်ရန်များ နှင့်လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန် အချက်များပါဝင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်