ပန်းတောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကျင်းပ

ပန်းတောင်း    စက်တင်ဘာ    ၂၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း တိုင်းပညာရေးမှူး(ရုံးခွဲ)မှ တိုင်းပညာရေးမှူး ဦးတင်ယု၊ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်း၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားမုခ်ဦးရှေ့၌ ပွဲတော်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မဥ္ဖူသကခန်းမ၌ အခမ်းအနားပထမပိုင်းကိုကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်း(စွယ်တော်)မှ ကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ”သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးသည့် စာပေပညာရှင်စာရေးဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ဥသျှစ်ပင်)မှ ကျောင်းသား၊ ကျောင်းသူလေးများ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် ကပြဖျော်​​ဖြေခြင်း၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲဝင် ကျောင်းသူတစ်ဦးနှင့် မူလတန်းအဆင့်ပုံပြောပြိုင်ပွဲဝင် ကျောင်းသူတစ်ဦးတို့မှ သရုပ်ပြသတင်ဆက်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဘုတ်ပြားပြဇာတ်သရုပ်ပြမှု၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများယှဥ်ပြိုင်သရုပ်ပြသနေမှု၊ မြို့နယ်စာရေးဆရာအသင်းမှခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများ၊ ဌာနဆိုင်ရာများပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး  ကျောင်းသား၊ ကျောင်းသူလေးများ၏ အရုပ်ဆက်၊ စကားပုံဆက်ယှဥ်ပြိုင်နေမှုနှင့် ဂိမ်းကစားနည်းများပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဆုလက်ဆောင်များ​ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ကျောင်းစာကြည့်တိုက်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အခမ်းအနားဒုတိယပိုင်းတွင်း စာပေဟောပြောပွဲကိုကျင်းပရာ ပန်းတောင်းမြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာပြည်သန်း(ပန်းတောင်း)မှ “အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ်မြင့်မားရေး”ခေါင်းစဥ်ဖြင့် ​ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့်တာဝန်ရှိသူများက ဟောပြောပေးသောစာရေးဆရာနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)