ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၄/၂၀၂၄) ဖွင့်ပွဲကျင်းပ

ပဲခူး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်းဖွင့်ပွဲ အမှတ်စဉ် (/၂၀၂၄) အား ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ယနေ့၊ နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အသားနှင့်နို့ ထုတ်လုပ်မှုဖူလုံစေရေး၊ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ချနိုင်စေရေးအတွက် မေထုန်မဲ့သားစပ်ခြင်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ကျေးလက်ဒေသပါမကျန် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကိုယ်တိုင်မွေးမြူသူလုပ်ငန်းရှင်များအား လက်တွေ့မေထုန်မဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အသိပညာများ သင်ကြားပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားသင်ကြားစေလိုကြောင်းနှင့် သင်တန်းဆရာများအနေဖြင့် သင်ကြားမည့် ဘာသာရပ်အလိုက် သင်တန်းသားများ နားလည်သဘောပေါက်အောင် စနစ်တကျ သင်ကြားပေးသွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ဒေသတွင်း နို့စားနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာများနှင့် ဒေသတွင်းမေထုန်မဲ့သားစပ်ခြင်းလုပ်ငန်း ဆောင်ရွက်သင့်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းနည်းပြဆရာများ၊ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ နို့စားနွား၊ ဒေသနွားနှင့် ဆိတ်မွေးမြူသူလုပ်ငန်းရှင် သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် သင်တန်းတွင် လက်တွေ့သင်ကြားပြသမည့် အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့တွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ နွားမွေးမြူသူလုပ်ငန်းရှင်များအား ပထမအကြိမ် သင်တန်းဖွင့်ပေးနိုင်ခဲ့ပြီး သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့တွင် ဖွင့်လှစ်လျက်ရှိကာ ယခုအခါ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင် အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသားတစ်ဦးလျှင် မေထုန်မဲ့သားစပ်ကောင်ရေ အနည်းဆုံး (၁၀) ကောင် လက်တွေ့သားစပ်ခြင်း ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည့်အပြင် မေထုန်မဲ့သားစပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)