ကျွန်းလှ၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ရှင်းလင်းပွဲကျင်းပ

ကျွန်းလှ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ရှင်းလင်းပွဲကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။

ရှေးဦးစွာ ကျွန်းလှမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူးက မြို့နယ်နှင့်ရပ်ကွက်ကျေးရွာများ ကြီးကြပ်မှုကော်မတီဖွဲ့စည်းထားရှိမှု၊ စာရင်းကောက်ယူမည့်အစီအစဉ်နှင့် လုံခြုံရေးဆောင်မှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းမြို့နယ်ရုံး ဦးစီးမှူးဦးဖြိုးလျံမြတ်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းကောက်ကွက် (၅၈) ကွက်အလိုက်ကောက်ယူမည့် လုပ်ငန်းအစီအစဉ်များအကြောင်းရှင်းလင်းပြီး ဒုတိယလဝကမှူး ဦးကျော်နိုင်ထွန်းက သန်းခေါင်စာရင်းကောက်ယူရေးရည်ရွယ်ချက်၊ စာရင်းကောက် စာရင်းစစ်များ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ကျွန်းလှမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရင်းကောက်၊ စာရင်းစစ်သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)