ဒေးဒရဲ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးနှင့် တရားမဝင်ဆေးဝါးအတုများ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါးအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနကဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များအား ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ၊ မရှိ စစ်ဆေးခြင်း ၊စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးအတုများနှင့် စပ်ဆေးများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုက်နာရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အေဇာလင်း