အိမ်မဲ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၉ နာရီ အချိန်ကအိမ်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွေညီလာခန်းမ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုအိမ်မဲမြို့ အ.ထ.က(၁) ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်ဝန်ကြီးချုပ်က ပညာသင်ကြားခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူစွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူအားလုံးစာဖတ်ကြရန် စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဘက်စုံးဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများပေါ်ထွက်လာစေရန်” စသည့် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ကျေးရွာစာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ် စာစောင်များကို ပေးအပ်ခဲ့ရာ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီးအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ဆုများပေးအပ်ခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော ဓာတ်ပုံပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပနေမှုများတွင် ကျောင်းသား လူငယ်များပျော်ရွှင်စွာ ပါဝင်ဆင်နွဲနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည် နှင့်တာဝန်ရှိသူများ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ကြပြီး အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်
(အိမ်မဲ ပြန်/ဆက်)