ပုသိမ် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများ ပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်နှင့် ပုသိမ်ခရိုင်များရှိ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများတွင် ပြန်လည်စိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာရှိ တောင်သူဦးရဲဝင်း၏ ရေကြီးနစ်မြုပ်ထိခိုက်ခဲ့သည့် စိုက်ဧက(၄)ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ ပြန်လည်ကုစားမှုအခြေအနေများနှင့် မျိုးစပါး၊ သွင်းအားစုများ ထောက်ပံ့ပေးနေမှု အခြေအနေများ၊ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် အောင်ရေရရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ကောက်စိုက်များအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှည်းဆိပ်(စံပြ)ကျေးရွာရှိ တောင်သူဦးကျော်ညွန့်၏ ရေကြီးနစ်မြုပ်ထိခိုက်ခဲ့သည့် စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့် နယူးဧရာစပါးမျိုးအား ကြားပေါင်းလိုက်နေမှုများနှင့် မြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူးမှ ကျုံပျော်ခရိုင်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်ရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ တောင်သူ ဦးလင်းလင်း၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး စိုက်ဧက(၁၅)ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)