မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိ

မြို့သစ် စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းကစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၁၀ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၅)ပေဖြစ်ပြီး  လက်ရှိရေမှတ်မှာ (၆၈၇.၃၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ (၂.၃ ပေ)၊ စွန်ဆည်ရေလှောင်တမံ၏ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၇.၄၀ ပေ)ရှိသည့်အတွက် ရေပိုလွှဲမှ (၂.၄ပေ)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ရေပြည့်အမှတ်သည် ( ၅၆၀.၅၀ ပေ)ဖြစ်ပြီး လက်ရှိရေမှတ်မှာ ( ၅၆၂.၆၀ ပေ)ရှိသည့်အတွက် ရေပိုလွှဲမှ (၂.၁ ပေ) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ  ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်း၊ ဆည်အခြေအနေနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်း​ကြည့်ရှု၍  ဆည်အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံများလွှင့်ထူကာ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)