ပွင့်ဖြူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူ - မင်းဘူးသွား ကားလမ်းမပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရ၍ ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် သွားရောက်ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ - မင်းဘူးသွားကားလမ်းတွင် သစ်ပင်လဲကျခြင်း၊ ကံသာကြီးကျေးရွာအနီး ကားလမ်းမပေါ်တွင် သစ်ပင်လဲကျခြင်း၊ လယ်ဖီလာကျေးရွာအနီး ကားလမ်းမပေါ်တွင် သစ်ပင်လဲကျခြင်း၊ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်တွင် လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျခြင်းတို့ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် စနစ်တကျ စုပေါင်းခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ယင်း သစ်ပင်လဲကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)