အုတ်ဖို စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်နိုင်ရန် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းကြီးတန်ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းရှိ မီးသတ်ရေကန်တွင် လေ့ကျင်ပြုလုပ်ခဲ့သည်။
ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်လင်း ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် လူများအားရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုစုနည်းများ၊ ရေကြီးလာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပရဟိတအဖွဲ့များမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)