လွိုင်ကော် စက်တင်ဘာ ၂၃
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်က သက်သာသောနှုန်းထားဖြင့် ပြည်နယ်အစိုးရအဖွဲ့မှကြပ်မတ်ရောင်းချပေးသည့် သီရိမင်္ဂလာဈေး၊ လောဓမ္မ၊ နမ့်ဘော်ဝမ်(က)၊ နမ့်ဘော်ဝမ်(ခ)၊ ဒေါတမရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်(၇)ဆိုင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးချုပ်က “ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ သက်သာသောနှုန်းထားဖြင့်ရောင်းချပေးရေး၊ အချိန်အတွယ် မှန်ကန်စေရေးနှင့် တစ်နေ့တာရောင်းချရန်သတ်မှတ်သည့် အရေအတွက်အတိုင်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးရေး” စသည်တို့ကို တာဝန်ရှိသူများအားမှာကြားကာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ နမ့်ဘော်ဝမ်(က)ရပ်ကွက်ရှိ စိုးဇာနည်သီးနှံမျိုးစုံရောင်းဝယ်ရေးပွဲရုံသို့ရောက်ရှိပြီး ဒေသထွက်ပြောင်း၊ နှမ်း၊ ပဲစင်းငုံရောင်းဝယ်မှုနှင့် အခြားဒေသပြင်ပသို့ တင်ပို့ရောင်းချနိုင်မှု အခြေအနေများကို တွေ့ဆုံမေးမြန်းပြီး “ယခုပွဲရုံအပြင်၊ အခြားပွဲရုံများမှ ပွင့်လင်းရာသီတွင် ပြောင်း၊ နှမ်း၊ ပဲစင်းငုံများအား ပြည်နယ်အတွင်းဖြန့်ဖြူးခြင်း၊ ပြည်နယ်ပြင်ပသို့ တင်းပို့ရောင်းချခြင်းများအား ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် လိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံးကူညီပေးရေး” တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ပြည်နယ်အစိုးရရန်ပုံငွေဖြင့်ထောက်ပံ့သည့် ဖိုက်ဘာလှေ(၂)စီး ၊ တွဲဖက်အသုံးပြုမည့် (SUZUKI) အမျိုးအစား (40 HP) အင်ဂျင်(၂)လုံး၊ (HONDA) အမျိုးအစား (30 HP) အင်ဂျင်(၁)လုံး၊ အသက်ကယ်အင်္ကျီအကြီး(၅၀၀)နှင့် အသေး(၁၀၀)ထည်တို့ကို ပြည်နယ်မီးသတ်ဦးစီးဌာနသို့လွှဲပြောင်းပေးအပ်ရာ ပြည်နယ်မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးက လက်ခံရယူသည်။ ဆက်လက်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်များ ရေဝင်ပျက်စီးပါကထောက်ပံ့ပေးရန် ထပ်မံဖြည့်တင်းပေးသည့် အိမ်ထောင်စု (၁၀၀)အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုးပါ ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျဖြန့်ဖြူးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နမ့်ကွတ်နှင့် မင်းစုရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများနှင့် စာသင်ကျောင်း၊ နေအိမ်များ ရေဝင်ရောက်မှု အခြေအနေများ၊ ကန္ဒရဝတီတံတား၌ ရေကြီးရေကျော်နေမှုအခြေအနများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)