လွိုင်ကော် စက်တင်ဘာ ၂၃
ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ပြည်သူများအား ဆန် ၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မိုဃ်းကောင်းဘုရားကြီးဓမ္မာရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “လွိုင်ကော်မြို့ရေကြီးရေလျှံ ဖြစ်ပေါ်မှုများသည် စူပါတိုင်ဖွန်း မုန်တိုင်း (YAGI) နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သောရေများသည် ပြည်နယ်အတွင်းရှိ ချောင်းလက်တက်များ၊ မိုးဗြဲရေလှောင်တမံမှတစ်ဆင့် ဘီလူးချောင်းအတိုင်း လွိုင်ကော်မြို့နယ်အတွင်းသို့လည်းကောင်း ဝင်ရောက်ခဲ့သဖြင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်နိုင်ခဲ့သဖြင့် ယနေ့အချိန်ထိ ပြည်နယ်အတွင်း သေဆုံး၊ ဒဏ်ရာရမှုမရှိခဲ့ကြောင်း၊ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ၌ စနစ်တကျ နေရာချထားခြင်း၊ အစားအသောက်၊ ရေ၊ မီး၊ သန့်စင်ခန်းများ၊ အုပ်ချုပ်မှုနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ကျောင်းများအားယာယီ ပိတ်ထားသော်လည်း ကျောင်း၌ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမပျက်စေရေးအတွက် အခြားစာသင်ကျောင်းများနှင့် တွဲဖက်သင်ကြားနိုင်ရန် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြားသောလိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်းနှင့် မိမိတို့ဘက်မှ အတတ်နိုင်ဆုံး ကူညီပေးသွားမည် ဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နမ့်ကွတ်၊ ရှမ်းစု၊ မင်္ဂလာ၊ ရွှေတောင်၊ ဒေါနိုးကူး၊ မင်းစု၊ ဓမ္မာရုံ ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူအစုအဖွဲ့များအလိုက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကိုပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။
ယနေ့အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့် အိမ်ထောင်စု (၅၀၇) စုရှိ လူဦးရေ (၁၇၃၂) ဦးအတွက် ဆန် (၆) ပြည်နှုန်းဖြင့် (၁၂၆.၇၅) အိတ်၊ ဆီ(၅၀) ကျပ်သား နှုန်းဖြင့် (၂၅၃.၅) ပိဿာ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် ဆန်ဖိုးငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် တစ်ပတ်စာ၊ စားအုန်းဆီ၊ မာမီးခေါက်ဆွဲ အသေးနှင့် ကြာဆံထုပ် စုစုပေါင်းတန်ဖိုး (၃၈၄၉၂၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)