ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ပခုက္ကူ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီ အချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာသိရှိခြင်းဖြင့် ဗလငါးတန်ပြည့်စုံကြွယ်ဝလာစေရေး၊ အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် ခေတ်ပညာတတ်မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေးရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အောင်မြင်ရေးအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ (စာကြည့်တိုက်မှူး) က ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သည့် စာပေအမျိုးအစားများ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ အကြောင်းတို့ကို ရှင်းလင်းဟောပြောကသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး မြန်မာရိုးရာစကားပုံနှင့် စကားထာပြိုင်ပွဲများ ပြုလုပ်ကာ ဆုရရှိသူများကို စာရေးကိရိယာသုံးပစ္စည်းများ လက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)